ဇွန် ၂၁၊ ၂၀၁၈၊ ရန်ကုန်၊ မြန်မာ – ဇွန်လ ၁၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတချို့တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့အတွက် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ် သိန်း ၁၀၀ နှင့် မော်လမြိုင်မြို့ ကျိုက်သန်လန်စေတီ ရင်ပြင်တော်နှင့် တန်ဆောင်းတော် ပြန်လည်တည်ဆောက်ပြုပြင်ရန် SCG ဘိလပ်မြေ အိတ် ၃၀၀၀ ကို လှူဒါန်းခဲ့ကြောင်း MCL မှ သတင်းထုတ်ပြန်လိုက်သည်။
ဇွန်လ ၂၁ ရက်နေ့တွင် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ ထိပ်ပိုင်းအရာရှိများသည် မွန်ပြည်နယ်အစိုးရရုံးသို့ သွားရောက်ကာ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရေဘေးထောက်ပံ့ရေးအတွက် အဆိုပါ လှူဒါန်းပစ္စည်းတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ မော်လမြိုင်မြို့နှင့် မွန်လူမျိုးတို့၏ ဘာသာရေးအထွတ်အမြတ်ထားရာ ကျိုက်သန်လန်ဘုရား ပြုပြင်တည်ဆောက်မှုများ ပြုလုပ်ရန် MCL ၏ ယခုကဲ့သို့ လှူဒါန်းမှုအား ကျေးဇူးတင်ရှိပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ပြောကြားခဲ့သည်။
လွန်ခဲ့သော ရက်ပိုင်းတွင် မော်လမြိုင်မြို့၌ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်သန်လန်စေတီ ရင်ပြင်တော်နှင့် တန်ဆောင်းတော်တို့ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ မော်လမြိုင်မြို့သူမြို့သားများ၏ အထွတ်အမြတ်ထားရာ ကျိုက်သန်လန်စေတီသည် မော်လမြိုင်မြို့၏ အမြင့်ဆုံးစေတီဖြစ်ပြီး ဉာဏ်တော်အမြင့် ပေ ၁၅၀ ရှိပါသည်။ ကျိုက်သန်လန်စေတီကို မွန်ဘုရင် မွတ်ပိရာဇာလက်ထက် အေဒီ ၈၇၅ တွင် တည်ထားခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်၊ ပိဋကတ်တော် လက်ရေးမူနှင့် ဗုဒ္ဓဆင်းတုတော်များကို စေတီတော်အတွင်း ဌာပနာထည့်သွင်းထားပါသည်။
Leave a Reply